မစ္စတာချိုင်းနား

 

ဆရာဇင်ဝေသော်၏ နောက်ဆုံးထွက်စာအုပ် မစ္စတာချိုင်းနား မှာ တံခါးဖွင့်လိုက်သော တရုတ်ပြည်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ ကြုံတွေ့ရသည့်အဖြစ်အပျက်များအကြောင်း ဖြစ်သည်။ မူရင်းစာအုပ်မှာ ၂၀၀၃ ခုနှစ်တွင် ထွက်ခဲ့သော  Tim Clissold ၏ Mr China ဖြစ်သည်။

စာအုပ်ပါ အဖြစ်အပျက်များက နိုင်ငံခြားကုမ္ပဏီတစ်ခုတည်းက မဟုတ်ဘဲ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူအများစုတို့ ကြုံရသည့် အဖြစ်အပျက်များကို ပေါင်းစပ်ကာ ဇာတ်လမ်းဖွဲ့ထားသည့် ဖြစ်ရပ်မှန် ဝတ္ထုရှည်ကြီး ဟုလည်းဆိုနိုင်သည်။

အခန်းတိုင်းကို တရုတ်စကားပုံ၊ နိုင်ငံရေးခေါင်းဆောင်ကြီးများ၏ မိန့်ခွန်းကောက်နှုတ်ချက်၊ တရုတ်ဂန္ထဝင်ဝတ္ထုကြီးများမှ စာသားများ၊ တရုတ်ကဗျာစာသားများ ဖြင့် အစပြုထားသည်။

စာအုပ်ရှေ့ပိုင်းတွင် ၁၉၉၀ ပြည့်နှစ်နောက်ပိုင်း တရုတ်ပြည်ကြီး စီးပွားရေးတံခါးဖွင့်၍ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်ရန် ဖြစ်လာစေသည့် တိန်ရှောင့်ဖိန်လက်ထက် နိုင်ငံရေး အခြေအနေများနှင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို အကျဉ်းချုပ်ဖော်ပြထားသည်။

ဤစာအုပ်မှ တရုတ်လူမျိုးတို့၏ (အပြင်လူများအတွက်) ထူးဆန်းသော လူမှုရေးနှင့် စီးပွားရေး ယဉ်ကျေးမှုကို ရိပ်စားမိနိုင်သည်။ အောက်ပါ အကြောင်းအရာများကို စိတ်ဝင်စားဖွယ် ဖတ်ရှုရပါမည်။

Continue reading

ရပ်ထားတဲ့ Living Color မဂ္ဂဇင်း

 

နှစ်စဉ် ဇန်နဝါရီလတိုင်း ဝယ်နေကျဖြစ်သည့် Living Color ကြော်ငြာနှင့် ဈေးဝယ်လမ်းညွှန် စီးပွားရေး၊ သတင်း မဂ္ဂဇင်းကို ယခုနှစ် ၂၀၁၇ တွင် ဝယ်မရတော့ပါ။ စုံစမ်းကြည့်တော့ အရှုံးမခံနိုင်တော့၍ ရပ်နားထားသည် ဟု အယ်ဒီတာ ထံမှ သိရသည်။

စမတ်ဖုန်းနှင့် တက်ဘလက်တို့တွင် စာအုပ် ဝယ်ယူဖတ်ရှုနိုင်သည့် စာအုပ်ဖတ် app ဝန်ဇင်း (Wun Zin) တွင်တော့ ၂၀၁၆ ခုနှစ်၊ ဇူလိုင်လထုတ်အထိ တင်ထားသည်ကို တွေ့ရသည်။ နောက်ဆုံးထုတ်မဂ္ဂဇင်းတွင် ၂၀၁၆ ခုနှစ်၊ ဩဂုတ်လမှစ၍ ခေတ္တရပ် နားမည်ဟု ဆောင်းပါးရှင်များ၊ ကြော်ငြာရှင်များနှင့် စာဖတ်ပရိသတ်များကို အသိပေး ကြေညာထားသည်။

Continue reading

မြန်မာစာ မြန်မာစကားက သိပ်မဟန်ပါဘူးတဲ့လား!

 

ယခု ဆောင်းပါးမှာ မိုးမခ ဝက်ဆိုက်တွင် ၂၀၁၄ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့ ရက်စွဲဖြင့် ဖော်ပြထားသော ဆရာ စံလှကြီး၏ သဘောထားအမြင် ဆောင်းပါး ဖြစ်ပါသည်။

လွန်ခဲ့သော လအနည်းငယ်ခန့်က လေထန်ကုန်း တခုသို့ ခရီးသွားဟန်လွှဲ ရောက်သွားခဲ့ပါသည်။ လေထန်ကုန်း၊ ဘာလေထန်ကုန်းလည်း။ စာပေလေထန်ကုန်း ဖြစ်ပါသည်။ စာရေးသူသည် ကျောင်းသားဘဝ ကတည်းက ဝါသနာတူ စာပေသမား အချင်းချင်း ကိုယ်သန်ရာသန်ရာ ဝေဖန်ဆွေးနွေးကြသော နေရာများကို စာပေ လေထန်ကုန်းဟု တင်စားလေ့ ရှိပါသည်။ ကိုယ်သည်လည်း ကျောင်းသားဘဝ ကတည်းက ထိုလေထန်ကုန်းများကို မွေ့လျော်တတ်သူ တစ်ဦး ဖြစ်ချေသည်။

မှတ်မှတ်ရရ ကျောင်းသားဘဝက စာမေးပွဲ ဝေးနေချိန်တွင် ဝါဿနာတူ သူငယ်ချင်း သုံးယောက်သား ရပ်ကွက်ထဲမှ လက် ဖက်ရည်ဆိုင်တွင် ထိုင်ကာ ကိုယ်ဖတ်ဖူးသော စာအုပ်များအကြောင်းကို ဆွေးနွေး ငြင်းခုံကြရာ ငါးနာရီခန့် ကြာသွားခဲ့ဖူးသည်ကိုလည်း သတိရမိပါသည်။ မလွန်လွန်းဘူးလား ဆိုင်ရှင်က မောင်းမထုတ်ဖူးလားဆိုလျှင် ဆိုခဲ့သည့်အတိုင်း ရပ်ကွက်ထဲက ဆိုင်ဆိုတော့ အမျိုးလို ဖြစ်နေသည်က တကြောင်း စာရေးသူတို့ကလည်း နည်းနည်းလေး ကြာသွားသည်နှင့် မုန့်တစ်ခုမဟုတ်တစ်ခု ထပ်မှာကာ စားသောကြောင့် ဖြစ်ပါသည်။

အခု ဒီဘက်နောက်ပိုင်းကျတော့ စာပေ လေထန်ကုန်းတွေက ဟိုတုန်းကလို လက်ဖက်ရည်ဆိုင်တောင် သွားစရာ မလိုတော့။ အင်တာနက် ပေါ်ပြီးကတည်းက facebook များ အင်တာနက် စာမျက်နှာများပေါ်တွင် ဆွေးနွေးကြသည်မှာ အတော်ကြီးကို စည်စည်ကားကား ရှိသည် များကိုလည်း ကြားဖူး တွေ့ဖူးရပါသည်။ ဒါနဲ့ပဲ ထိုကဲ့သို့ ဆွေးနွေးနေကြသော စာပေ လေထန်ကုန်းတစ်ခုသို့ ရောက်သွားကာ သွားနားထောင် မိခြင်းမှ စတာပဲ ဖြစ်ပါသည်။

Continue reading

မြန်မာယူနီကုဒ်

 

နှစ်တစ်နှစ်အတွင်း ထွက်လာသည့်စာအုပ်များအနက် ထူးခြားသည့် စာအုပ် (book of the year) အဖြစ် ရွေးချယ်လျှင် ၂၀၁၃ ခုနှစ်အတွက် မောင်ဆန်း ပြုစုရေးသားသည့် မြန်မာယူနီကုဒ် ကို ရွေးပါမည်။

ရေးသားပြုစုသူကိုယ်တိုင်က မြန်မာယူနီကုဒ်စံဖြစ်ရေးနှင့် ပတ်သက်၍ ထဲထဲဝင်ဝင် ပါဝင်လုပ်ဆောင်ခဲ့သူတစ်ဦးဖြစ်ပြီး  စာအုပ်တွင် ယူနီကုဒ်၏ သဘောသဘာဝ၊ မြန်မာစာအတွက် ကုဒ်ပွိုင့်များ၊ ဖောင့် နှင့် လက်ကွက်တို့ကို ရှင်းပြထားပြီး မြန်မာစာကို ယူနီကုဒ်တွင် တင်ဆက်ခြင်း စာတမ်းတွင် အသေးစိတ် ရှင်းလင်းချက်များ ဖော်ပြထားသည်။

နည်းပညာဆိုင်ရာ ဝေါဟာရများကို သာမန်လူနားလည်အောင် အတတ်နိုင်ဆုံး မြန်မာလို ဖော်ပြထားသည်။ စာအုပ်တစ်အုပ်လုံးကိုလည်း ယူနီကုဒ်ဖောင့်ဖြစ်သည့် မြန်မာ၃ နှင့် ပိတောက်တို့ကို သပ်ရပ်လှပစွာ အသုံးပြုထုတ်ဝေထားသည်။

 

 

Continue reading

ဒစ်ဂျစ်တယ် နည်းပညာ နဲ့ ကဗျာ

 

ပူလစ်ဇာ ဆုရ ကဗျာဆရာ ဂျွန်အက်(ရှ)ဘယ်ရီ ဟာ ဒစ်ဂျစ်တယ် ပုံနှိပ်မူနဲ့ ထုတ်ဝေထားတဲ့ သူ့ကဗျာ စာအုပ် (e-book) ကို တွေ့ လိုက်ရတော့ တော်တော် အံ့အား သင့်သွားတယ်။

အကြောင်းက digital edition မှာ ကဗျာ စာကြောင်းတွေ စာစီထားပုံဟာ ပုံနှိပ်စာအုပ်မှာ သူရေးထားတဲ့ ပုံစံ နဲ့ ဘာမှ မတူလို့ပါပဲ။ စာကြောင်း အဖြတ်အတောက်တွေလည်း မရှိဘူး၊ စာပိုဒ်တွေကိုလည်း ကျပ်ညပ်နေအောင် စီထားတယ်။ ကဗျာနဲ့ မတူဘဲ ပုံစံခွက်ထဲ စာလုံးတွေ ပြွတ်သိပ်နေအောင် စီချထား တဲ့ စကားပြေ တစ်ပုဒ်နဲ့ တူနေတယ်။ သေချာ စီစဉ်ပြီး ရေး ထားတဲ့ ကဗျာစာကြောင်းတွေ ပျက်စီးသွားပြီ။ ဒါနဲ့ သူဟာ သူ့ကဗျာစာအုပ်ထုတ်ဝေတဲ့ စာပေတိုက် Ecco ကို အကြောင်းကြား တော့ စာအုပ်တွေကို ချက်ခြင်း ပြန်သိမ်းယူလိုက်ပါတယ်။

အဲဒါ စာအုပ်တွေကို e book အသွင်နဲ့ ထုတ်ဝေစပြုလာတဲ့ လွန်ခဲ့တဲ့ သုံး နှစ်လောက်ကပါ။ အခုတော့ ထုတ်ဝေသူတွေဟာ ပုံစံ အမျိုးမျိုးရေးထားတဲ့ ကဗျာစာကြောင်းတွေကို ကဗျာဆရာ လိုချင်တဲ့အတိုင်း အတိ အကျ စာစီပေးလို့ရလာပါပြီ။ ဒါကြောင့်  ဒစ်ဂျစ်တယ် စာအုပ်ထုတ်ဝေရေး စာပေတိုက် Open Road Media က သူ့ကဗျာစာအုပ်တွေကို အီလက်ထရောနစ် ပုံနှိပ်မူအနေနဲ့ ထုတ်ပါရစေလို့ တောင်းခံလာတော့ အက်(ရှ) ဘယ်ရီ သဘောတူလိုက်တယ်။

စာလုံးတွေကို အရွယ်ချဲ့လိုက်တဲ့အခါ လိုင်းတွေ ပြတ်တောက်သွားပုံ

မူလကဗျာပုံစံ  Continue reading

စာမရေးတဲ့ လူ၊ စာမဖတ်တဲ့လူ

 

၂၀၁၆ ခုနှစ်၊ မတ်လ ထုတ် နှင်းဆီဖြူ ဂျာနယ်၊ အတွဲ (၂)၊ အမှတ် (၇)တွင် ဖော်ပြခဲ့သော ဆရာ မြင့်သန်း ၏ သဘောထားအမြင်ဆောင်းပါး ကို ပြန်လည်ဖော်ပြခြင်း ဖြစ်ပါသည်။

မြန်မာပြည်မှာ လူဦးရေ တက်လာတယ်။ များလာတယ်ပဲ၊ ဆိုပါတော့။ များလာတယ်ဆိုတာက၊ အလျင် နှစ်သုံးဆယ်လောက်ကနဲ့ယှဉ်ရင်။ ဒါပေတဲ့၊ စာအုပ်ထုတ်ဝေရေးမှာ၊ ဝယ်ယူဖတ်ရှုတဲ့ အုပ်ရေ နည်းသွားတယ်ဆိုတာ၊ သိရ၊ ကြားရတယ်။ ဟိုစဉ်က၊ သွားလေသူ စာရေးဆရာကြီး (ဦး)အောင်သင်း ပြောဖူးတဲ့၊ “ရန်ကုန်ပတ်လည်၊ အုပ်ရှစ်ဆယ်….”၊ အနေအထားမှာ။ တချို့ကတော့၊ ကျေနပ်စရာကောင်းတဲ့ အမြင်တစ်ခုနဲ့ ပြောတယ်။ စာအုပ်ထုတ်ဝေရေးမှာ အုပ်ရေနည်းသွားပေတဲ့၊ စာပေထုတ်ဝေရေးတွေ များလာတယ်တဲ့။ စာစုံ ဖတ်လာရသတဲ့။ ဒါလည်း ဟုတ်တာပဲ။ စာအုပ်ထုတ်ဝေရေး လုပ်ငန်းတွေများလာတာ၊ တွင် ကျယ်လာတာဟာ တကယ်တော့၊ ဝမ်းသာစရာပဲ။ ဒီလိုဖြစ်လာဖို့က၊ နိုင်ငံခြားက စာရေးဆရာကြီးတွေကို ဖိတ်ကြားပြီး၊ စာပေပွဲတော်လုပ်လို့ ဖြစ်တာပဲရယ်လို့၊ ဂုဏ်ယူဝံ့ကြွားစွာနဲ့ ရင်ပတ်ကော့ ပြောသံတွေလည်း၊ ကြားရတယ် (လူဖြူတွေက၊ မြန်မာစာကို ဒီလိုရေးရတယ်၊ ဒီလိုဖတ်ရတယ်လို့၊ ပြောတာ၊ ဆုံးမတာကို သာယာတတ်ကြတာကတော့၊ သိပ်မဆန်းလှဘူး။ ကိုလိုနီရဲ့ စနစ်တကျပြုမူခဲ့တဲ့၊ အပြုအမူတစ်ခု။ လူဖြူကို ရိုသေစရာလို့ ထင်နေတာဟာ၊ မြန်မာတွေရဲ့ ခေါင်းထဲမျာ သံမှိုစွဲထားသလိုပဲ။ ခုခေတ်တော့၊ ပိုပြီးဆိုးလာတာက လူဖြူမှ မဟုတ်တော့ဘူး)။ တကယ်တော့ ကျွန်တော့လို အချိန်ကလေး ရကာမှ၊ စာတစ်ပုဒ်စ နှစ်ပုဒ်စ ရေးနိုင်တဲ့လူ….၊ လမ်းပေါ်က လူတစ်ယောက်အနေနဲ့၊ ဝင်ပြောဖို့တော့ မသင့်လှဘူး။ မသင့်တာက၊ တစ်ပိုင်း။ ရေးချင်တာက၊ တစ်ခြားတစ်ပိုင်း။ မတတ်နိုင်ဘူး။ ဒီကောင်၊ အလကားဝင်ပြီး လူပါးဝပြတာပဲ ထင်ရင်တော့လည်း၊ ဆက်မဖတ်ပါနဲ့။ မနေနိုင်လို့ ဖတ်ပြီး၊ ဆဲချင်ရင်တော့လည်း၊ ကျွန်တော့်အပြစ် မဟုတ်ဘူး။

Continue reading

ဘာသာရေး၊ အမှန်တရားနှင့် အာဏာ

DVB ဝက်ဆိုက်တွင် ဖော်ပြထားသော ဆရာမောင်သာမည ၏ ဆောင်းပါး ဖြစ်ပါသည်။

ဘာသာရေး၏ ပဓာနရည်ရွယ်ချက်သည် လောက၏အမှန်တရားတို့ကို သိမြင်စေရေး မဟုတ်ပါ။ ချဉ်းကပ်လာသူတို့အား ယုံကြည်ကိုးကွယ်လာစေရန်သာ ဖြစ်သည်။ ဘာသာရေးတို့ သည် ချဉ်းကပ်လာသူအား ယုံကြည်ကိုးကွယ်လာစေရန်အတွက် ၎င်းတို့ ဘာသာရေးက ဟောညွှန်ထားသော တရားဓမ္မတို့သည် ဘုန်းတော်အနန္တ၊ ဉာဏ် တော်အနန္တနှင့် ပြည့်စုံတော်မူသော ဘုရားသခင်က ဟောပြော ညွှန်ကြားခဲ့သည့် တရားဓမ္မတို့ဖြင့် တည်ဆောက်ထားသည့် ဘာသာရေး ဖြစ်ကြောင်း ပြောဆိုစည်းရုံးပါသည်။ ဤကိစ္စတွင် ကမ္ဘာပေါ်ရှိ ဘာသာအားလုံး အတူတူဖြစ်သည်။

ထိုကြောင့် ဘာသာရေးတခုတွင် သက်ဝင်ယုံကြည်သူမှန်သမျှသည် ယင်းဘာသာရေးက ဟောကြားသော တရားဓမ္မမှန်သမျှကို ငြင်းဆန်ခွင့် လုံးဝမရှိပါ။ ဆန့်ကျင်ခွင့် လုံးဝ မရှိပါ။ အမှန်တရားများဟုသာ လက်ခံရပါသည်။ ဘုန်းတော်အနန္တ၊ ဉာဏ်တော်အနန္တရှိသော ဘုရားသခင် ဖြစ်သောကြောင့် ထိုဘုရားသခင် ၏ တရားဟူသမျှ အမှန်ချည်းသာ ဖြစ်ရမည် မဟုတ်လား။ တချို့ ဘာသာရေးများတွင် မိမိတို့လူသားများ အပါအဝင် လောကစကြာ ဝဠာကြီးတခုလုံးကို ဘုရားသခင်က ဖန်ဆင်းထား သည်ဟုပင် ဟောပြောကြသည်။ ယင်းဟောပြောချက်ကို ယုံကြည်သူပေါင်းမှာ ကမ္ဘာ့လူဦးရေ သန်းပေါင်း ၇၀၀၀ ကျော်၏ ထက်ဝက်မက များပြားသည်။

Continue reading

လူမျိုးအမြစ် စာပေဖြစ်၏

 

၂၀၁၆၊ နိုဝင်ဘာလအတွင်းက 7day သတင်းစာတွင် ဖော်ပြခဲ့သော ဆရာမြင့်မိုရ်ဆွေ ၏ ဆောင်းပါး ဖြစ်ပါသည်။

စာရေးသူသည် မြန်မာစာပေ ချစ်မြတ်နိုးသူများအသင်း၏ အမှုဆောင်တစ်ဦးဖြစ်ပြီး ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့တွင် စာပေဗိမာန်ခန်းမဆောင်၌ ကျင်းပသော အသင်း၏ တတိယ အကြိမ် နှစ်ပတ်လည်အစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။ အစည်းအဝေး၌ စာရေးသူရေးသားသည့် ‘‘ကောင်းကင်ဘုံကိုမျှော်၍ ငရဲသို့ ရောက်ရှိခြင်း’’စာအုပ်ကို ထွန်းဖောင်ဒေးရှင်း၏ ၂၀၁၅ ခုနှစ် သုတပဒေသာဆုချီးမြှင့်ခံရသည့်အတွက် အသင်းမှ ဂုဏ်ပြုဆုထပ် ဆင့် ပေးအပ်သော အစီအစဉ်လည်း ပါဝင်ပါသည်။ အသင်း၏ အမှုဆောင်များသည် စာပေဆု တစ်ဆုဆုရရှိလျှင် အသင်းမှ ဂုဏ် ပြုဆုချီးမြှင့်ပေးစမြဲဖြစ်ပါသည်။ အိုမင်းဟောင်းနွမ်းလှသည့် စာပေ ဗိမာန်ခန်းမတွင် လျှပ်စစ်မီးက မလာ၊ ဇရာထောင်းနေသော မီးစက်သံတဝုန်းဝုန်းကို ကြားနေရ၏။ စာပေတာဝန်ကို အိုမင်းသည်အထိ ထမ်းဆောင်နေသော စာရေးဆရာအိုကြီးများ တလှုပ်လှုပ် ဖြင့် ဒုတိယထပ်အရောက် လှေကားမှ အားယူတက်နေကြရ၏။ စာရေးဆရာကြီးများ၏ စိတ်ရှည်သည်းခံမှုကို စာပေဗိမာန်လှေကား ကြီးက စိန်ခေါ်နေသကဲ့သို့ ရှိပေ သည်။

ခန်းမဆောင်အတွင်း၌ တက်ရောက်လာသည့် စာရေးဆရာများ၊ သတင်းထောက်များနှင့် မြန်မာစာပေချစ်မြတ်နိုးသူများဖြင့်  ပြည့် နေ၏။ ခြုံ၍ကြည့်လျှင် အိုမင်းသူများပြီး ငယ်ရွယ်နုပျိုသူတို့ နည်း ပါးသောပွဲဟု ဆိုနိုင်၏။ စာရေး ဆရာ ကြီးတို့ အိုမင်းမစွမ်းသလို မြန်မာစာပေသည်လည်း ဇရာထောင်းနေပေပြီလားဟု တွေးနေမိ၏။

Continue reading

စမစ်ရဲ့ လှကြစမ်းဗျာတို့ (၂)

 

အတွေးအမြင် စာစောင်တွင် ဖော်ပြခဲ့သော ဆရာဦးကြည်မြင့်၏ စမစ်ရဲ့ လှကြစမ်းဗျာတို့ ဆောင်းပါး အဆက် ဖြစ်ပါသည်။ 

စမစ်မှားတယ်ဆိုပဲ

အင်း . . စမစ်ကို မှားတယ်လို့ ပြောပြီး ၁၉၉၄ ခုနှစ်၊ စီးပွားရေးနဲ့ နိုဗယ်ဆု ပူးတွဲ ရယူသွားတဲ့ သင်္ချာပညာရှင် ဂျွန်နက်ရှ် ဆိုတာတော့ ရှိခဲ့ဖူးပါတယ်။ သူက လွတ်လပ်တဲ့ ဈေးကွက် ပုဂ္ဂလိက ပိုင်ဆိုင်မှု အပြည့်ပြိုင်ဆိုင်မှု အတိုင်းအတာအရ အကျိုးကျေးဇူးတွေကိုတော့ ဘာမှ မပြောပါဘူး။ ဒါပေမဲ့ အရင်းရှင်တွေလို လူတော်တွေ လွတ်လွတ်လပ်လပ် ရှိမှုကြောင့် လောကကြီး သာယာတိုးတက်တာ မဟုတ်ဘူး။ လောကကြီးမှာ အရာရာကို ပြိုင်ဆိုင်နေရတာမှန်ပေမယ့် အဲဒီလူတွေကို လွှတ်ထားရင် ကျွဲနှစ်ကောင် ခတ်သလို ကမ္ဘာကြီး မြေဇာပင် ဖြစ်သွားမယ်။ ကုန်သွယ်ရေး စစ်ပွဲတွေနဲ့ အောက်ဆုံးက လူတွေအထိ ဒုက္ခရောက်သွားမယ်။ လောကကြီး တိုးတက်ပြီး နေလို့ ထိုင်လို့ ရအောင် ငြိမ်းချမ်းတာဟာ ညှိနှိုင်းဖြေရှင်းမှု bargaining အလျှော့ပေး လိုက်လျောမှု concession နဲ့ သဟဇာတ harmony ဖြစ်အောင် ချင့်ချိန်ဆုံးဖြတ် နေထိုင်ကြလို့ပဲ လို့ ဆိုလိုက်ပါတယ်။ ဒါကို နက်ရှိ အားမျှခြေ Nash equalibrium လို့ ခေါ်ဆိုပြီး ဂိမ်းသီအိုရီ အခြေအနေလေးမျိုးနဲ့ ထုတ်ဖော်ခဲ့ခြင်း ဖြစ်ပါတယ်။

မှန်ပါတယ်။ လောကမှာ ငွေကြေးရှယ်ယာ၊ ကုန်စည်ဈေးကွက်မှာ ဝင်ပြီး စွန့်စားအမြတ်ထုတ်ချင်သူတွေချည်း မဟုတ်ပါဘူး။ စွန့်စားမှုကို ရှောင်ခြင်း risk aversion နဲ့ အေးအေးဆေးဆေး လုပ်ကိုင် စားသောက် သူတွေက များပါတယ်။ မကောင်းမှု လိုက်စားတယ် ဆိုရာမှာလည်း ကြာတော့ အကြိုက်အီလာတဲ့ diminishing utility ကနေ တရားထိုင်တာတို့၊ သူများကို ကူညီတာတို့ကို ပြောင်းလဲ လိုက်စားလာသူတွေ ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ဒါတွေဟာလည်း လွတ်လပ်စွာ လုပ်ကိုင်ခွင့်၊ ကိုယ်ပိုင်အခွင့်အရေး personal rights ဆိုတဲ့ ပုဂ္ဂလိက ပိုင်ဆိုင်မှု ၊ တရားမျှတတဲ့ ပိုင်ဆိုင်မှုတွေ လိုအပ်ပါတယ်။ ဒါကို အာမခံတာက လွတ်လပ်တဲ့ ဈေးကွက်နဲ့ ပြိုင်ဆိုင်မှု ပြည့်ဝမှု အတိုင်းအတာ တို့ ဖြစ်နေပြန်ပါတယ်။ ဒီတော့ အရင်းရှင်စနစ် ဟာ ဈေးကွက်စီးပွားရေး ဆိုတဲ့ နာမည်နဲ့ ‘ ဝိုင်းချစ်ကလေး’ ဖြစ်လာရတော့တာပေါ့။

Continue reading

စမစ်ရဲ့ လှကြစမ်းဗျာတို့ (၁)

 

ယခု ဖော်ပြသော ဆောင်းပါးမှာ ၂၀၀၇ ခုနှစ်အတွင်းက အတွေးအမြင်စာစောင်တွင် ဖော်ပြခဲ့သော ဆရာဦးကြည်မြင့် ၏ ‘စမစ်ရဲ့ လှကြစမ်းဗျာ’ တို့ ဆောင်းပါး ဖြစ်ပါသည်။

ဘောဂဗေဒကို စီးပွားရှာနည်း၊ ကြီးပွားရေးတက်ကျမ်းလို့ ရောထွေးထင်မှတ်တဲ့ အရေးအသားတွေ တော်တော်များများ တွေ့ရပါတယ်။ အဲဒီတော့ အခုမှ လူသားဆန်လာတယ်လို့ ဒဿနဆန်လာတယ်လို့ ရေးသားတတ်တာတွေ တွေ့ရပြန်တာပေါ့။ ဘောဂဗေဒဟာ ဒဿနက လာတာပါပဲ။ ဘောဂဗေဒရဲ့ ဖခင်ကြီးဆိုတဲ့ အာဒမ်စမစ်ဟာ သူ့ဆရာ ဖရန်စစ်ဟာချီစန် ရဲ့ ဂလပ်စဂို တက္ကသိုလ် ကိုယ့်ကျင့်တရား ဒဿနဌာနကို ဆက်ခံသူပါ။ သူက စီးပွားရေး သမားတွေဟာ တွေ့ကြရင် ပျော်ရွှင်ချမ်းမြေ့စရာတွေကို မပြောကြဘဲ လူတွေကို ဘယ်လို ဒုက္ခရောက်အောင် ကုန်ဈေးနှုန်းတက်အောင်ပဲ ပြောကြတယ်လို့ နိုင်ငံများရဲ့ ဥစ္စာဓန မှာ ရေးခဲ့ရှာပါတယ်။

လောဘသား လူတော်တွေ

ဒါပေမယ့် စမစ်ဟာ အရင်းရှင်ကြီးတွေရဲ့ ရှေ့က ဘက်လိုက်ပြောဆိုသူအဖြစ် လူအတော်များများ မှတ် ယူ တာကို ခံခဲ့ရပါတယ်။ ဘာဖြစ်လို့လည်းဆိုရင် လူတွေရဲ့ ကိုယ်ကျိုးကြည့်မှု self-interest ဟာ သူတို့မသိဘဲ သူတို့အပါအဝင် ဖြစ်တဲ့ လူ့အဖွဲ့အစည်းကို တိုးတက်စေတယ်ဆိုတဲ့ အချက်ကို အခိုင်အမာထားပြီး ဘောဂဗေဒကို ထုတ်ဖော်ခဲ့ရလို့ပါပဲ။ အဲဒီ သူ့ရဲ့ နာမည်ကျော် ဖုံးကွယ်လက်၊ မမြင်ရတဲ့ လက် hidden invicible hand သဘောတရားဟာ ပြောင်းလဲလို့ မရတဲ့ အမှန်တရား universal truth ဖြစ်နေလို့ နောက်ဆုံး ဒီနေ့အထိ လူတွေ လက်မခံချင်လည်း လက်ခံလာခဲ့ရတာပါပဲ။ အဲဒီမှာ အရင်းရှင်တွေဟာ လောဘသားတွေ ဖြစ်ပေမယ့် လူ့အဖွဲ့အစည်းအတွက် လူတော်တွေ ဖြစ်တယ်လို့ ဆိုထားသလို ရှိခဲ့ပါတယ်။

Continue reading