ငါတို့ခေတ်၊ ငါတို့အသံ (စာပေအင်တာဗျူး) – ၁

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလက ထွက်ခဲ့သော (ကို) ဉာဏ်လင်းအောင်၏ ငါတို့ခေတ်၊ ငါတို့အသံ စာပေအင်တာဗျူးစာအုပ်မှ စာရေးဆရာမ စံပယ်ဖြူနု၊ သော်တာအေးလဲ့၊ မယ်လွင့် တို့နှင့် တွေ့ဆုံမေးမြန်းခန်းတို့မှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

သူတို့၏စာပေလက်ရာများက ခေတ်ပြိုင်လူငယ်ထုအပေါ် လွှမ်းမိုးနိုင်ခြင်း၊ ပုံစံတကျရှိနေပြီးသာ ဟန်များမှ ခွဲထွက်နိုင်ခြင်း၊ လူငယ်တစ်ယောက်၏ ကိုယ်ပိုင်ဖန်တီးနိုင်မှုအားကောင်းခြင်း၊ စာပေ၏ အသက်မေွး ဝမ်းကျောင်းရပ်တည်မှုဇာစ်မြစ်ကို ပြောင်းလဲနိုင်ခြင်း စသည့်အချက်များ အပါအဝင် စာဖတ်သူ ကျွန်တော် ကိုယ်တိုင်က ယင်းတို့၏ ဖန်တီးမှုရသများအပေါ် နှစ်ခြိုက်မိခြင်း တို့ကြောင့် ရွေးချယ်ခဲခြင်း ဖြစ်သည်။ ခေတ်ပြိုင်စာရေးသူများ၏ ခေတ်ကို မြင်ခြင်း၊ ခံစားခြင်း၊ ပုံဖော်ခြင်း၊ အချိုးဖျက်ခြင်း၊ အံတုခြင်း၊ ပုန်ကန် ခြင်း နှင့် ပဲ့တင်ထပ်ခြင်းများကို ယခုစာအုပ်ပါ စကားလုံးများမှ တဆင့် ကြားနိုင်ရန် မျှော်လင့်မိပါသည်။ (အင်တာဗျူးသူ၏ အမှာစာ)

ခံစားထိလွယ်မှုဖြင့် ခေတ်ရဲ့ကွက်လပ်ကို ဖြည့်စွက်ခြင်း သို့မဟုတ် စံပယ်ဖြူနု

စာပေဆိုတာ ကိုယ်ဖန်တီးတဲ့ဟာတစ်ခုကို လူတွေကို ပေါင်းကူးပြီးတော့ ပြတဲ့ဘဘောပါပဲ။ စာရေးတဲ့သူက စေတနာမှန်မှန်နဲ့ ဖန်တီးနေရမယ်၊ ဖတ်တဲ့သူကလည်း နောက်ကနေ သူ့ဘာသာသူ လိုက်လာရမှာပါပဲ။ စာရေးတဲ့အခါ ကိုယ့်ဟာကိုယ် ဆင်ဆာလုပ်နေမိသလားဆိုတော့ လုပ်နေမိတယ်လို့ ထင်တယ်။ ဒါပေမဲ့ ရေးတိုင်းမှာတော့ ဒါကြီးကို မတွေးမိအောင်၊ စိတ်ကို လွတ်လပ်အောင်ထားတယ်။ ခုနောက်ဆုံးရေး နေတဲ့စာဆို လုံးဝ မတည်းဖြတ်ဘူး။ စိတ်ကိုလွှတ်ထားပြီး ရေးချင်တဲ့စကားလုံးကို ရေးချင်သလိုရေး သွားတယ်။ ခေတ်ကိုထင်ဟပ်တာကျတော့ စာရေးတဲ့သူကတော့ ဝတ္ထုတိုဖြစ်ဖြစ်၊ ဝတ္ထုရှည်ဖြစ်ဖြစ် သူ့နည်းသူ့ဟန်ကတော့ ခေတ်ကို ရှောင်ပြီး ရေးလို့တော့ မရဘူး။ မဖြစ်မနေ ခေတ်ကိုပါအောင် ရေးရမယ်ဆိုတာမျိုး မရှိပါဘူး။ ဒါပေမဲ့ ကိုယ်တိုင်က ဒီခေတ်မှာ နေနေတာဆိုတော့ အဲဒီခေတ်ရဲ့ နောက်ခံအကြောင်းအရာတော့ ရှာင်လို့မရဘူး။ ခေတ်က ပါကိုပါတယ်။

ပညတ်တချို့ကို ကားလိပ်ဆွဲဖွင့်ပြချင်သူ သို့မဟုတ် သော်တာအေးလဲ့

ကျွန်မက အမျိုးသမီးတစ်ယောက်ဖြစ်တဲ့အတွက် အမျိုးသမီးဇာတ်ကောင်ဖန်တီးရတာတော့ ပိုပြီးတော့ အဆင်ပြေတယ်။ ဒါပေမဲ့ အမျိုးသမီးဝါဒီတော့လည်း မဟုတ်ပါဘူး။ လူသားကို လူသားလို့ပဲ ကျွန်မခံစားချင် တယ်။ ကျွန်မရဲ့ ခံယူချက်က အချစ်ရှိမယ်၊ အမုန်းရှိမယ်၊ မနာလိုမှုရှိမယ်၊ အာဃာတရှိမယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ ပညာရယ်၊ အသိတရားရယ်၊ ဆင်ခြင်တုံတရားရယ်နဲ့ပဲ ဒီအတ္တတွေကို ပြန်ပြီး ထိန်းညှိပြီး လူ့လောကမှာ ရှင်သန်သွားဖို့ပဲ။ ကျွန်မက ဘွဲ့ရတာတာကလည်း ဂျန်ဒါ နဲ့ ပတ်သက်ပြီးရခဲ့တာ၊ ကိုယ်တိုင်ကလည်း အမျိုးသမီးဖြစ်နေတယ်ဆိုတော့ အဲဒီအကြောင်းအရာတွေကို ပိုပြီး ရေးဖြစ်သွားပါတယ်။

စာရေးတဲ့အခါမှာ ဘောင်နဲ့ပညတ်နဲ့ ထိန်းချုပ်ထားတာမျိုးမဟုတ်တဲ့ ပွင့်လင်းလှပတဲ့ ဖန်တီးမှုမျိုး စဉ်းစားမိပါသလား။ လွတ်လပ်စွာဖန်တီးမှုကို ကျွန်မပိုပြီးတော့ အလေးထားပါတယ်။ ဘောင်နဲ့ကန့် သတ်မှုမှာ နှစ်ခုပေါ့။ တစ်ခုက နိုင်ငံနဲ့သက်ဆိုင်တာ။ နိုင်ငံရေးအခြေအနက တင်းကြပ်တာတွေများလာပြီး စာပေစိစစ်ရေးတွေရှီလာပြီဆိုရင်တော့ ကျွန်မရေးမှာမဟုတ်ဘူး။ ကိုယ်ရေးချင်တာကို ရေးခွင့်မရှိတဲ့အဖွဲ့ အစည်းမှာ၊ တစ်ယောက်ယောက်ရဲ့ ခွင့်ပြုချက်ကို ရမှာ စာအုပ်ထုတ်ရမယ်ဆိုရင် ကျွန်မရေးမှာမဟုတ်ဘူး။ နောက်တစ်ခုက ကိုယ်နဲ့သက်ဆိုင်တာ။ လူ့အဖွဲ့အစည်းက သတ်မှတ်ထားတဲ့ ဘောင်တွေ၊ ပညတ်တွေကို ဖောက်ထွက် ပြီးရေးနိုင်မလား၊ ပွင့်လင်းမှုကို ဘယ်အပေါ်မှာ တိုင်းတာမှာလည်း ဆိုတာကို ကျွန်မစဉ်းစား တယ်။ ပွင့်လင်းမှုနဲ့ အနုပညာမြောက်မှုဆိုတဲ့ကြားက မျဉ်းကို ကျွန်မစဉ်းစားပြီး တွေဝေရတယ်။ ပွင့်ပွင့်လင်း လင်းရေးလိုက်ရင် နုပညာဖြစ်သလား၊ အနုပညာမြောက်တယ်၊ မမြောက်ဘူးဆိုတာ ဘယ်အပေါ် မူတည် သလဲ ဆိုပြီး ပြန်စဉ်းစားလိုက်ရင် အရမ်းကျယ်ပြန့်သွားတယ်။ တချို့အရာတွေက ဘောင်သတ်မှတ်ချက်ထဲကို ဝင်သွားတာလည်း ဖြစ်ကောင်းဖြစ်မယ်။ ကျွန်မက ဒီအနုပညာမြောက်ခြင်း၊ မမြောက်ခြင်းပေါ်မှာ ဒွိဟဖြစ်နေတာ၊ အဲဒီတော့ ကျွန်မရဲ့ ဖန်တီးချက်တွေဆိုရင် ဒါကိုပဲပြန်ပြီးတော့ ဝေဝါးနေဦးမယ်ထင်တယ်။

လွတ်လပ်ခြင်းဆီ တောင်ပံခတ်ပျံသန်းခြင်း သို့မဟုတ် မယ်လွင့်

လူတွေရဲ့ အတွင်းစိတ်အနက်ထဲကို ကျွန်မ တို့ ဝင်ကြည့်လို့မရဘူး။ အတွင်းစိတ်အနက်ထဲမှာ လူတိုင်းက ကျွန်မရေးခဲ့သလို သားရဲစိတ်တွေချည်းပဲ။ အဲဒီအတွင်းစိတ်ကို ဘာတွေနဲ့ထိန်းချုပ်ထားသလဲ။ အဲဒီအတွင်းစိတ် အနက်ဆုံးအထိ ဘယ်လောက်သွားနိုင်မှာလဲ။ အဲဒီဟာတွေ ကျွန်မတို့ရေးပြလို့ မဖြစ်ဘူးလား။ အမြဲရေးနေကြတဲ့ လူမှုဘဝတွေထက် အဲလို အတွင်းက ဆိုးယုတ်တာပဲ ဖြစ်ဖြစ်၊ ကောင်းတာပဲဖြစ်ဖြစ် အဲဒါတွေကို ပြချင်တာဖြစ်တဲ့အတွက် ရေးတာ။

(နောင်ရေးမယ့်) ကျွန်မရဲ့စာတွေမှာ ဒီခေတ်ရဲ့ လူအချင်းချင်းဆက်ဆံရေးတွေ (relationship) ကို ပြဖို့များ တယ်။ လူနှစ်ယောက်ရဲ့ ပတ်သက်မှုကြားက အဆိပ်အတောက်တွေ၊ တစ်ယောက်ရဲ့အတွင်းစိတ်က နက်နက်ရှိုင်းရှိုင်း ဘယ်လောက်အထိ သွားတယ်ဆိုတဲ့အရာတွေကို ကျွန်မရေးဖြစ်ဖို့ရှိတယ်။ ခေတ်ရဲ့အမြင် ကို ပြဆို ကျွန်မ ဒါတွေပဲ ပြမယ်။ ဒီခေတ်မှာ လိင်မှုကိစ္စဆိုတာ အရမ်းပွင့်လင်းလာတယ်။ လုံးဝ ရိုးသားပြနေတာ မကောင်းဘူး။ ဗိုက်ကြီးလို့၊ အဖေမပေါ်လို့ ဒီဗိုက်ကို ဖျက်ချခွင့်မရဘဲနဲ့ ဒီကလေးကို မွေးလိုက်ရတယ်ဆိုတဲ့ ကိစ္စတွေ။ ယောက်ျားတစ်ယောက်ကလည်း သူတကယ်တမ်း မနှစ်သက်တဲ့ မိန်းမကို ဗိုက်ကြီဂလာလို့ ယူလိုက်ရတယ်ဆိုတဲ့အရာတွေ။ အဲဒါတွေကို တအားကို ကျွန်မတို့လူ့အဖွဲ့အစည်းကနေ ဖယ်ထုတ်ချင်တယ်။ ကျွန်မက ဖီမစ်နစ် (Feminist) မဟုတ်ဘူး၊ ကျွန်မက Equality သမား။

လူတွေရဲ့အရိုးသားဆုံးက လိင်စိတ်ပဲ။ သူတို့ဘာကို တကယ်ကြိုက်တာလဲ၊ သူတို့ဘာကို တကယ်လုပ် ချင်တာလဲ ဆိုတာ အဲဒီမှာပဲ မြင်ရတာ။ ကျွန်မက ကျောင်းတက်ချင်တာ။ စိတ်ပညာကိုမှ လိင်ပိုင်းဆိုင်ရာ စိတ်ပညာ (sexual psychology) ကို စာတမ်းပြုစုမယ်လို့ ကြိုးစားနေတာ။

Post a comment or leave a trackback: Trackback URL.

Leave a comment